The 100 Days of Darkness [ Actual Book ]
ဒီစာအုပ်ဟာ ကျွန်မရဲ့ ပဥ္စမမြောက်စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ပထမဆုံးသော နိုင်ငံရေးအကြောင်း ရေးသားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
ဒီစာအုပ်ကို ရေးရတာဟာ ကျွန်မအတွက် စိတ်ပိုင်းဆိုင်ရာ အင်မတန်ခက်ခဲခဲ့ရတဲ့ အချိန်တွေပါပဲ။ ပြန်မတွေးချင်တော့ဘူး၊ ပြန်မရေးချင်တော့ဘူးဆိုပြီး ရပ်တန့်နေမိတာ အခါခါပါပဲ။ ဒီစာအုပ်ကို ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်နေတဲ့ အချိန်ကာလတွေထဲမှာတင် တစ်ပိုင်းတစ်စ ရေးသားထားခဲ့ပြီး အဆုံးသတ်၊ အချောသတ်ဖို့ကို ဒီအဖြစ်အပျက်တွေနဲ့ မဝေးသေးတဲ့အချိန်ကာလမှာ ရေးသားခဲ့ရပါတယ်။
ကျွန်မအပါအဝင် မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆိုးတွေဟာ ဒီကာလအတိုလေးအတွင်းမှာ ဘယ်လိုမှ ပျောက်ကင်းသက်သာသွားစရာ မရှိဘဲ သွေးစက်စက်ကျ နာကျင်နေရဆဲကာလမှာပဲ ကျွန်မဟာ ဒီစာတွေကို ရေးဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်း ကျွန်မရဲ့ လုပ်ငန်းဆောင်တာတွေ၊ တော်လှန်ရေးတာဝန်တွေ၊ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရုန်းကန်နေရဆဲ အချိန်တွေထဲက အချိန်တစ်ခုကို ဖဲ့ပြီး စာအုပ်အတွက် စာရေးဖို့ အချိန်ပေးရပါတယ်။
စာရေးဖို့ ကြိုးစားလိုက်ပြီဆိုတာနဲ့ ကျွန်မဟာ နေ့စွဲအလိုက် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အစီအစဉ်တကျဖြစ်အောင် Information တွေ ပြန်ရှာရပါတယ်။ ကျဆုံးသူတွေရဲ့ ကျဆုံးနေ့စွဲတွေ၊ သူတို့ရဲ့အကြောင်းအရာတွေကို ပြန်ရှာဖတ်ရပါတယ်။ ကျွန်မ အဲ့ရက်တွေမှာ ဘာတွေ ကြုံတွေ့နေတယ်၊ ဘယ်လိုဖြတ်သန်းနေတယ်ဆိုတာတွေ ပြန်တွေးရပါတယ်။ ဒီအချိန်တွေဟာ ကျွန်မအတွက်တော့ သွေးစက်စက်ကျနေဆဲအနာကို ထိုးကော်မွှေနှောက်ရတာနဲ့ တူပါတယ်။ အိပ်မက်ဆိုးထဲ အခါခါ ပြန်ဆင်းနေရသလိုပါပဲ။
ဝတ္ထုတစ်ပုဒ်လို ဖတ်ကောင်းအောင် တန်ဆာဆင် ဖွဲ့နွဲ့ရေးသားဖို့ ကြိုးစားအားထုတ်နိုင်စွမ်း မရှိတာကိုလည်း ဝန်ခံပါရစေ။ မင်းအောင်လှိုင်စစ်တပ်ရဲ့ ယုတ်ကန်းစုတ်ပြတ်မှုကို စကားလုံးတွေနဲ့ ဖော်ပြနိုင်စွမ်းမရှိတာကိုလည်း ဝန်ခံပါရစေ။ ကျွန်မတို့ရင်ထဲက နာကျည်းချက်၊ အမုန်းတရားတွေကိုလည်း လုံလောက်အောင် ထုတ်ဖော်နိုင်စွမ်းမဲ့တဲ့အထိ စိတ်တွေ ထုံကျင်နေတယ်ဆိုတာလည်း ဝန်ခံပါရစေ။ ဒီနွေဦးတော်လှန်ရေးမှာ ကျွန်မတို့ပြည်သူတွေ ဘယ်လောက်နာကျင်စရာတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ တစ်ထောင့်တစ်နေရာက မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားခြင်းပါပဲ။
စာရေးနေရင်းနဲ့ မျက်ရည်တွေ ထိန်းမရအောင်ကျရင်း ရပ်လိုက်ရတဲ့ အချိန်တွေ၊ ဆက်မရေးနိုင်တော့ဘူးဆိုပြီး ရင်ဘတ်တွေ အောင့်မျက်နာကျင်တဲ့အထိ ခံစားရတဲ့အချိန်တွေကို ဖြတ်သန်းပြီး ရက်(၁၀၀) ကို ကြိုးစားရေးသားနိုင်ခဲ့ပါတယ်။ မှတ်တမ်းတင်နိုင်အောင် ကြိုးစားခြင်းဖြစ်ပေမယ့် ဒီအကြောင်းအရာတွေဟာ ကျွန်မဘဝထဲမှာ ဘယ်တော့မှ မှတ်မိမနေချင်တော့တဲ့ အကြောင်းအရာတွေပါပဲ။
ကျွန်မတို့ဟာ လက်ရှိအထိ ဒီနွေထဲမှာပါပဲ။ ကျွန်မတို့ဟာ အရင်ထက်တော့ တော်လှန်ရေးကို ရင့်ကျက်လာနိုင်ခဲ့ပြီ။ ကျွန်မတို့နှလုံးသားတွေဟာ အရင်ထက်တော့ ခက်မာလာခဲ့ပြီ။ ကျွန်မတို့ဟာ စက္ကန့်မလပ် နာကျည်းစိတ်တွေ၊ လောင်မြိုက်မှုတွေထဲက ငရဲသားတွေ ဖြစ်နေဆဲပါပဲ။ သွေးသံရဲရဲမြင်ကွင်းတွေ၊ ပဋိပက္ခတွေ၊ အသက်တွေပေးခဲ့ရတဲ့ ကျဆုံးသွားတဲ့ ပြည်သူတွေ၊ ဘဝတွေပေးနေရဆဲ အချုပ်အနှောင်ထဲက ပြည်သူတွေ၊ အိပ်မက်တွေ စွန့်လွှတ်ခဲ့ရတဲ့ တိုက်ပွဲဝင်ပြည်သူတွေ။ ဒီမိုကရေစီဟာ အရင်းအနှီး ကြီးလွန်းလှတယ်။ ဒီစာအုပ်ဟာ နွေဦးတော်လှန်ရေးတစ်ခုလုံးကို အသေးစိတ်ထင်ဟပ်ဖို့ရာ မစွမ်းသာပါဘူး။ ဒါပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ဘယ်လိုကြုံတွေ့ခံစားခဲ့ရတယ်ဆိုတဲ့ တစ်စိတ်တစ်ပိုင်းကို ထင်ဟပ်နိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။
ပန်ဆယ်လို