လူဖြစ်ခွင့်မပေးပါနဲ့တော့ မေမေ
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲမေမေ။ ကျွန်တော်မရခဲ့ဘူး။ အမေ့ဝမ်းကကျွတ်ကတည်းက ကျွန်တော့်ကို ပြုံးကြည့်နေမယ့် ပီတိမျက်နှာတွေကို မမြင်ခဲ့ရဘူး။ ကျွန်တော့်ကို မလိုမလားငုံ့မိုးကြည့်နေတဲ့ အန်တီကြီးမျက်နှာကိုပဲ မြင်ခဲ့ရတယ်။
ကျွန်တော်ဗိုက်ဆာတယ်အမေ။ အမေ့ရဲ့သွေးတွေကနေ မိဘမေတ္တာကို ဖြတ်သန်းစီးဆင်းလာလို့ အနီကနေ အဖြူအဖြစ်ပြောင်းလာတဲ့ နို့ချိုတစ်စက်လောက် ကျွန်တော်သောက်ခွင့်ရချင်လိုက်တာ။
ဒါပေမယ့် ကျွန်တော်မရခဲ့ဘူးအမေ။
ကျွန်တော့်ကို ခြင်းတောင်းအနီလေးထဲထည့် လူခြေတိတ်တုန်း ဈေးထိပ်မှာ သွားပစ်လိုက်ကြတယ်။
ကျွန်တော် အမေ့ကို အမေမှန်း မသိလိုက်ရဘူးအမေ။
ကျွန်တော်လူဖြစ်လာတာ ဘာအတွက်လဲအမေ။
ကျွန်တော် လူဖြစ်ခွင့်ရခဲ့ချင်တယ်။ ဒါပေမယ့် အဲ့ဒီ့လူဖြစ်ခွင့်ဆိုတာ အမေ့ရင်ခွင်ကိုမှီ အမေ့မေတ္တာရိပ်ကိုခို ဘယ်လောက်ဆင်းရဲဆင်းရဲ အမေနဲ့အဖေရဲ့ လက်ကိုတွဲပြီး လောကဓံကို ရင်ဆိုင်ခွင့်ရတဲ့ ကလေးလေးတစ်ယောက် ဖြစ်ချင်ခဲ့တာ။ မွေးရုံမွေး ဖြစ်ချင်ရာဖြစ်စွန့်ပစ်ခံရတဲ့ ကလေးလေး ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။
ကျွန်တော် အိမ်တစ်အိမ်ကို ရောက်သွားတယ်။ ကျွန်တော်လို ကလေးတွေလည်း အများကြီးရှိတယ်။ ပရဟိတဂေဟာတော့ မဟုတ်ဘူးအမေ။ ကျွန်တော့်အတွက် ငရဲခန်းပဲ။ နို့ဝဝမစို့ရဘူးအမေ။ ကျွန်တော့်ကို ကျွန်တော်နဲ့ရွယ်တူ မတိမ်းမယိမ်းတွေက ထိန်းကြတယ်။ ကျွန်တော်ငိုရင် ကျွန်တော့်ကို ဆိတ်ဆွဲကြတယ်။ တစ်ခါတရံ နို့ဘူးအဟောင်းတွေသောက်မိပြီး ဗိုက်နာလို့ ကျွန်တော်ငိုတဲ့အခါ ကျွန်တော့်ကို ချော့မယ့်သူမရှိဘူးအမေ။ ကျွန်တော် နေမကောင်းခဏခဏဖြစ်တယ်။ ကံကောင်းတာက (ဟင့်အင်းအမေ. . . ဒါကံကောင်းတာမဟုတ်ဘူး) ကံဆိုးတာက ကျွန်တော်မသေခဲ့ဘူး။ နုနုနွဲနွဲ့ ရှင်သန်ခွင့်မရတဲ့ ဘဝအပြိုင်းပြိုင်းကြား ကျွန်တော့်ခန္ဓာကိုယ်က မာသထက်မာလာခဲ့ပြီ။
ကျွန်တော့်ကို အနှီးစုတ်လေးထဲထည့်ပြီး ဆေးရည်နည်းနည်းတိုက်တယ်အမေ။
အဲ့အရည်တွေသောက်ရင် ကျွန်တော်တစ်နေ့လုံး မျက်စိမဖွင့်နိုင် မငိုနိုင်တော့ဘူး။ ကျွန်တော့်ကို ကျွန်တော့်အမေမဟုတ်တဲ့ မိန်းမကြီးကို ရင်ဘတ်မှာလွယ်ပြီး "ကလေးထမင်းဖိုးလေး သနားပါ"လို့ လိုက်တောင်းတယ်အမေ။ ဒါပေမယ့် ကျွန်တော့်ကို ဘာမှမကျွေးပါဘူး။ ကျွန်တော့်ကို ငှားလိုက်တဲ့အိမ်က လူကြီးကိုတော့ တစ်နေ့ဘယ်လောက်ဆိုပြီး ပေးတယ်။ ကျွန်တော်ဟာ အနှီးထဲကတောင်မထွက်နိုင်သေးဘူး . . ကလေးသူတောင်းစားလေးဖြစ်နေပြီအမေ။
ကျွန်တော်ဝမ်းနည်းမိတယ်။
ကျွန်တော် အခုဆို အသက် ၇နှစ်လောက်ရှိပြီထင်တယ်အမေ။ ဟုတ်တယ်. . ထင်တယ်လို့ပဲ ပြောလို့ရတယ်။ ကျွန်တော်ဘယ်နေ့မွေးလဲ ကျွန်တော်မသိသလို ဘယ်သူကမှ မှတ်မထားကြဘူး။ ဟိုနေ့က ကျွန်တော်သွားတောင်းတဲ့ စားသောက်ဆိုင်လေးထဲမှာ ကျွန်တော့်အရွယ်ကလေးမလေးတစ်ယောက် ကိတ်မုန့်တွေခွဲနေတယ်။ သူ့ကို ဟက်ပီဘတ်ဒေးဆိုလား ဝိုင်းပြောကြတယ်အမေ။ သူ့မွေးနေ့ဆိုလားပဲ။ လက်ဆောင်တွေပေးကြတယ်။ ကျွန်တော်ဘယ်နေ့မွေးလဲ ကျွန်တော့်မွေးနေ့ဟာ ဘယ်တော့လဲ ကျွန်တော့်ကိုရော ဘယ်သူတွေ လက်ဆောင်ပေးကြမှာလဲ ကျွန်တော်တွေးနေမိတယ်။ ကျွန်တော့်မှာ မွေးနေ့မရှိဘူးလား။ ဟုတ်တယ်အမေ။ ကျွန်တော့်ကို ဘယ်သူမှမမွေးကြဘူး။ ဒီ့တော့ ကျွန်တော့်မှာ မွေးနေ့မရှိဘူး။ မွေးနေ့ရှင်ကောင်မလေးရဲ့ အရယ်တွေမှာ ကျွန်တော် နာနာကျင်ကျင် လိုက်ရယ်မိလိုက်တယ်။ ကျွန်တော်ပျော်ပါတယ်အမေ။ အဲ့နေ့က ကျွန်တော် သူတို့မကုန်တဲ့ ကိတ်မုန့်တွေ စားလိုက်ရတယ်။
ကျွန်တော်တို့ မီးပွိုင့်တွေမှာ ရပ်နေတဲ့ကားတွေကြား တောင်းကြတယ်အမေ။ မှန်တံခါးလေးတွေကို လက်လေးနဲ့ခေါက်ပြီး ထမင်းဖိုးလေး သနားပါလို့ တောင်းကြတယ်။ အမှန်က ကျွန်တော်တို့ ထမင်းဖိုးမဟုတ်ပါဘူးအမေရယ်။ ကျွန်တော်တို့ကို ထမင်းကျွေးထားတဲ့လူကြီး ဇိမ်ခံဖို့နဲ့ အဆူမခံရဖို့ တောင်းရတာပါ။
သူတို့ကို တိုင်လိုက်ပေါ့။ ဟုတ်လား. . . အဲ့လောက်လွယ်မလားအမေ။ ငယ်ငယ်ကတည်းက စေတနာရှိရှိမရှိရှိ သူတို့ပဲ ကျွန်တော်တို့ကို ကျွေးခဲ့တာလေ။ သူတို့မရှိတော့ရင် ကျွန်တော်တို့ကို ဘယ်သူစောင့်ရှောက်မလဲ။ ခဏခဏအရိုက်ခံရလို့ မုန်းပေမယ့် ကျွန်တော်တို့ကို စီမံချက်ဆိုပြီးဖမ်းတဲ့အခါ သူတို့ပဲ ထုတ်ပေးတာလေအမေ။ နောက်ပြီး သူတို့ကို တိုင်လိုက်ရင် ကျွန်တော်တို့ကို စောင့်ရှောက်မယ့်သူမရှိတော့ လူငယ်လေ့ကျင့်ရေးစခန်းကို ပို့ကြမှာ။
အမေသိလား. . ကျွန်တော်ကြားသလောက်က အဲ့နေရာက ကလေးထောင်တဲ့။ ကျွန်တော်မသွားချင်ဘူးအမေ။
မီးပွိုင့်တွေကြားမှာ ရပ်နေတဲ့ကားတွေရဲ့ မှန်တွေကို လက်နဲ့ခေါက်ရင်း ငါဘာလုပ်နေမိတာလဲ တွေးမိတယ်အမေ။
အချို့ကတော့ ပိုက်ဆံအကြွေလေးတွေ ပစ်ပေးကြတယ်။ အချို့ကလည်း သူတို့ကားနားကပ်တာ မကြိုက်သလို မောင်းထုတ်ကြတယ်။ များသောအားဖြင့်တော့ အဖက်မလုပ်တာ များပါတယ် အမေ။ မီးပွိုင့်ကြား ပိုက်ဆံလုကောက်ရင်း ကားတိုက်မိလို့သေတဲ့ ဘဝတူတွေလည်း ရှိတာပေါ့။ ကျွန်တော်ကတော့ ဝဋ်ကျွတ်တယ်ပဲ သဘောထားပါတယ်။ ကျွန်တော်တို့ရဲ့ လူဖြစ်ရခြင်းဟာ ဝဋ်နာကံနာတွေပဲလေ အမေရယ်။
တစ်ခါတရံ ကားပေါ်ကျော့ကျော့လေးပါသွားတဲ့ ရွယ်တူကောင်လေး ကောင်မလေးတွေကို မြင်ရင် မျက်စိတစ်ဆုံး လိုက်ငေးနေမိတော့တာ။ သူတို့ဝတ်တဲ့ အဖြူနဲ့အစိမ်းလေးတွေ ကျွန်တော်တို့ ဘယ်တော့မှ ဝတ်ခွင့်မရတော့ဘူးလား။
သူတို့ကျတော့ မိဘနဲ့ ပိုက်ဆံနဲ့ ပညာနဲ့။
ကျွန်တော်တို့ကျ. . . .
ကျွန်တော်မတန်မရာတွေ စိတ်ကူးယဉ်မိသလို ဖြစ်နေပြီအမေ။ ကျွန်တော်စိတ်ထဲ ခပ်နာနာဖြစ်လာတယ်။ လောကကြီးဟာ မတရားဘူးအမေ။ ရွေးချယ်ခွင့်မရဘဲ ပစ်ချခံခဲ့ရတဲ့ ဘဝတွေဟာ ကြိုဆိုသူကင်းမဲ့လွန်းလိုက်တာ။
ကျွန်တော်တောင်းမစားတော့ဘူး အမေ။
အသက်၁၀နှစ်ကျော်လာ လူကောင်ထွားလာတော့ ကရုဏာကြေးဆိုတာ ပါးလျလာပြီ။ ကျွန်တော်ကိုယ်တိုင်လည်း တောင်းရမှာ ရှက်လာခဲ့ပြီ။ ဆိုးတာက တောင်းရတာကျ ရှက်ပြီး မကောင်းတာလုပ်ရတာကျ မရှက်တတ်တာ။ ကျွန်တော် အမှိုက်ကောက်တယ်အမေ။ အမှုှိက်ထဲက ပါလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်ရှာဖွေ ရောင်းစားရင်း အသက်မွေးတယ်။ တစ်ခါတရံ တွန်းလှည်းတစ်ခုတွန်းပြီး ရပ်ကွက်ထဲ အမှိုက်အမှိုက်လို့ လိုက်အော်တယ်။ အမှိုက်ပစ်တဲ့လူတွေဆီက ပိုက်ဆံလည်းရ ပြန်ရောင်းစားစရာလည်း ရတာပေါ့။
အမေကရော ကျွန်တော့်ကို အမှိုက်လို စွန့်ပစ်လိုက်တာပဲမလား။ ကျွန်တော်ခိုလှုံရတဲ့အိမ်ကရော ကျွန်တော့်တို့လို လူ့အမှိုက်တွေကို ကောက်ပြီး ပိုက်ဆံပြန်ရှာတာပဲ မဟုတ်လား။
အဟက်. . . သိပ်စိတ်နာစရာကောင်းတယ်။
ကျွန်တော်တို့ဟာ အမှိုက်တွေပါ။
ကျွန်တော် ကော်ရှူတတ်လာပြီအမေ။ အမှိုက်ပုံဘေးက တတ်လာတဲ့ပညာလို့ ပြောရမှာပေါ့။ မူးယစ်ဆေးတွေ ဈေးမတတ်နိုင်ပေမယ့် ကော်ရှူတာကျ ဈေးပေါတယ်အမေ။ တစ်ဗူးငါးရာလောက်ပဲပေးရတယ်။ အနံပြင်းပြင်း ပစ္စည်းဆက်တဲ့ကော်တွေဟာ ကျွန်တော်တို့အတွက် မူးယစ်ထုံပေစေတဲ့ အရာတွေ ဖြစ်လာတယ်။ ဗိုက်ဆာခံနိုင်စေတယ်၊ နာလို့နာမှန်းလည်း မသိတော့ဘူး။ အမေရယ်. . . တစ်ဆစ်ဆစ်နာကျင်ကိုက်ခဲနေဖို့ လူဘဝထဲ ရောက်လာတဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ နာလို့နာမှန်းမသိဖို့ သိပ်လိုအပ်တယ်မလားအမေ။
နောက်ဆုံး ကျွန်တော်အဖမ်းခံခဲ့ရတယ်။
ကော်မရှူရမနေနိုင်လို့ ကျွန်တော်နည်းနည်းခိုးမိခဲ့တာကိုး။
ကျွန်တော်ငယ်ငယ်က လန့်ခဲ့ဖူးတဲ့ လူငယ်လေ့ကျင့်ရေးကျောင်းလို့ ခေါ်တဲ့ ကလေးထောင်ကို ရောက်လာခဲ့တယ်အမေ။
ထင်သလောက်မဆိုးပါဘူး။ ပျော်ဖို့ကောင်းသားပဲ။ အထဲစရောက်တဲ့နေ့က အရင်ရောက်နေတဲ့ရွယ်တူတွေက နောက်ရက်ပညာစုံတတ်မှာပါလို့ ဆိုတယ်အမေ။ တကယ်ပါပဲ။ ကလေးထောင်ကထွက်တော့ ကျွန်တော်သူခိုးလေးဘဝက သူခိုးကြီးဖြစ်နေခဲ့ပြီ။ ဖောက်ထွင်းနည်း၊ သော့ဖွင့်နည်း၊ အိတ်ခွဲနည်း၊ ဆယ်ပြားစေ့သွေးနည်းကအစ ကျွန်တော်အကုန်တတ်မြောက်ခဲ့ပြီ။
ကျွန်တော်အလိုမတူဘဲ ကျွန်တော့်ဘဝဟာ ဖြစ်ချင်တိုင်း ဖြစ်နေခဲ့ရပြီအမေ။
အခု ကျွန်တော့်ဘဝက ခါးပိုက်နှိုက်ပေါ့အမေ။
ကျွန်တော် သိတဲ့အသိတရားက ကျွန်တော့်ကို အကောင်းအဆိုးခွဲတတ်အောင် သင်မပေးနိုင်ခဲ့ဘူး။ မကောင်းတာ သိပေမယ့် မကောင်းတာထဲက ဘယ်လိုရုန်းထွက်ရမလဲ ကျွန်တော်မသိဘူး။ ကျွန်တော့်မှာ ပညာမရှိဘူး။ အဆုံးအမတွေ မရှိဘူး။ ဘာသာတရားမရှိဘူး။ ချစ်ခြင်းမေတ္တာမရှိဘူး။ ကျွန်တော်ထမင်းဝဖို့ရယ် ကျွန်တော့တစ်ကိုယ်စာ အဆင်ပြေသာယာဖို့ရယ်။
နောက်ပြီး ကျွန်တော် ပိုက်ဆံအရသာကို သိနေပြီ။ ကော်ရှူတာလောက်က ကလေးကစားစရာဖြစ်သွားပြီ။ အသက်မပြည့်သေးသူ အရက်မသောက်ရတာတွေဘာတွေ ကျွန်တော်နားမလည်ဘူး။ နှိုက်လာတဲ့ အိတ်ထဲက ပိုက်ဆံနဲ့ စီးကရက်လက်ကြားညှပ် စတိုင်ထွားရတာ ကျွန်တော် သာယာလာပြီ။ ကျွန်တော်ခိုးလာတဲ့ ပိုက်ဆံအိတ်ရဲ့ ပိုင်ရှင် ဘယ်လိုခံစားရမလဲဆိုတာ လောကဓံမြှားအစင်းစင်းအောက်က အသားမာတက်နေတဲ့နှလုံးသားက ကိုယ်ချင်းစာတတ်မယ် အမေထင်သလား။
ဒီနေ့ ကျွန်တော့် လုပ်ငန်းခွင်တစ်ခုဖြစ်တဲ့ လူကြပ်ကြပ်ဒိုင်နာဘတ်စ်ကားတစ်ခုပေါ်မှာပေါ့။ ကျွန်တော့်သားကောင်ကတော့ ပိုက်ဆံပါမယ်ထင်ရတဲ့ အန်တီကြီးတစ်ယောက်ရဲ့ လယ်သာအိတ်ကြီးထဲက ပိုက်ဆံအိတ်ပေါ့။ မနက်ကတည်းက မျက်ခုံးတွေ လှုပ်နေတာပဲ။ မိလည်း ပြသနာမရှိပါဘူးအမေရယ်။ ဝင်လိုက်ထွက်လိုက်နဲ့ ထောင်ဆိုတာ ကျွန်တော့်ဖောက်သည်ဖြစ်နေခဲ့ပြီ။ အန်တီကြီးအိတ်ထဲက ပိုက်ဆံအိတ် လက်ထဲအရောက် ဘေးကဦးလေးကြီးက အသံကျယ်ကျယ်နဲ့ ထအော်တယ်။ ကျွန်တော်ရုတ်တရပ် လန့်သွားမိတယ်။ ကျွန်တော့်ကို ဆွဲဖမ်းထားတဲ့ လက်တွေထဲက ရုန်းလားကန်လား လုပ်တယ်။
ကျွန်တော်သိလိုက်တာက အရှိန်ပြင်းပြင်းပြေးနေတဲ့ ကားပေါ်က ကျွန်တော်ပြုတ်ကျသွားတယ်။
ဘေးကဝိုင်းအုံကြည့်နေတယ့် လူတွေရဲ့အသံ။
"ခါးပိုက်နှိုက်လေ၊ ကလေကချေလေ။"
ကျွန်တော်သေမှာ ဘယ်သူမှ ဝမ်းမနည်းကြဘူး အမေ။ ကြိုဆိုသူမဲ့ လူ့ဘဝထဲရောက်လာခဲ့ပြီး ငိုယိုသူမဲ့ ကျွန်တော်ပြန်ထွက်သွားရတော့မယ်။ ဒါဟာ ကျွန်တော်ရွေးချယ်ခုန်ချလိုက်တဲ့ဘဝမဟုတ်ဘူးလို့ ဒီလူတွေနားလည်အောင် ကျွန်တော်ဘယ်လိုပြောပြရမလဲ။
လမ်းဘေးထီလှည်းလေးဆီက သီချင်းတစ်ပုဒ် ကြားရတယ်။ နာမည်ကြီးသီချင်းတစ်ပုဒ်မို့ ကျွန်တော်အလွတ်ရနေတဲ့ သီချင်းလေးလေ။
"လူဖြစ်ခွင့်ပေး. . . မေမေ
အနူးအညွတ်တောင်းပန်ပါတယ်
အဖေအမေရင်ခွင်ကြား . . .ပျော်ရွှင်စွာ ရှင်သန်ခွင့်ပေး. . . ."
ကျွန်တော်တို့လိုချင်တဲ့ လူဖြစ်ခွင့်ဆိုတာ အဖေနဲ့အမေရင်ခွင်ကြား ကြုံလာသမျှ လောကဓံကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တဲ့ လူသားတစ်ဦးဖြစ်ချင်တာပါ။
အဖေ၊ အမေ ရင်ခွင်ကြား ပျော်ရွှင်စွာ ရှင်သန်ခွင့် မပေးနိုင်ဘူးဆိုရင်လေ. . .
ကျွန်တော်ကို "လူဖြစ်ခွင့်မပေးပါနဲ့တော့" အမေရယ်။
ပန်ဆယ်လို
( ၂၀၁၆ ခုနှစ်တွင် ထုတ်၀ေခဲ့သော "အဇ္ဈတ္တကောက်ကြောင်း" စာအုပ်မှ )