အမျိုးသမီးမဝင်ရ
ခေတ်အဆက်ဆက်ယောကျာ်းတွေ သိပ်တော်ခဲ့ကြပါတယ်။ယောက်ျားအင်္ဂါရှိရုံနဲ့မိန်းမတွေထက် အလိုလိုနေရင်း မြတ်တယ်ဆိုတာ မိန်းမတွေကိုယ်တိုင် လိုလိုလားလား လက်ခံနိုင်လောက်အောင်ကို ရိုက်သွင်းနိုင်ခဲ့ကြလို့။
"ဖေဖေ---သမီးကဘာလို့ ဟိုဘုရားကြီးကို ဖေဖေ့လိုသွားကိုင်ပြီးကန်တော့လို့မရတာလဲ"
"သမီးတို့က မိန်းမတွေလေ။မိန်းမတွေကယောက်ျားတွေထက်နိမ့်ကျလို့ဘုရားကို ထိခွင့်မရှိတာ"လို့ ကလေးတယောက်ရဲ့ အသိစိတ်ထဲ သူရနေတဲ့မိန်းမဘဝဟာယုတ်ညံ့ပါလားလို့ မြင်သွားအောင် ဘယ်လိုနှလုံးသားနဲ့ဖြေရပါ့မလဲ။
" ယဉ်ကျေးမှုအရပေါ့ သမီးရယ်"
ကလေးမလေးက သူ့ဖခင်ရဲ့ အဖြေကို ကျေနပ်လေသလား မကျေနပ်လေသလားတော့မသိ။ မပြောင်းလဲချင်သည့် အသာစီးရမှုများကို အကာအကွယ်ပြုချင်သည့်အခါ ယဉ်ကျေးမူဟူသော စကားလုံးအောက် ပြေးဝင်ခိုလှုံကြသည်မှာ လူ့သဘာဝများလား။
—————————————
အင်းလေးကန်ထဲမှ အလိုတော်ပေါက်ဘုရား။ ပဲ့ချိတ်ဖြင့်ခပ်ဝေးဝေးစီးလာခဲ့ရသည်။လှိုဏ်ပုံသဏ္ဍာန်တည်ထားသော ဘုရားအတွင်းတွင် ဆင်းတုတော်ကြီးလေးဆူကို အရပ်လေးမျက်နှာတွင်ထားရှိသည်။ဆင်းတုတော်ကြီးနှင့် အပြင်ဝတ်ပြုမည့်နေရာကို ခပ်တန်တန်ရှည်သော လျှောက်လမ်းလေးဖြင့် ဆက်သွယ်ထားသည်။လျှောက်လမ်းထိပ်တွင်ပေါ်လစ်ရောင်ပြောင်နေအောင် တင်ထားသော သစ်သားဆိုင်းဘုတ်တစ်ခု။
"အမျိုးသမီးမဝင်ရ"
လျှောက်လမ်းထဲတွင်ဝင်လိုက်ထွက်လိုက်ဘုရားဖူးနေသော ဓာတ်ပုံရိုက်နေသော ယောက်ျားများ။ ခပ်လှမ်းလှမ်းဝေးသောဘုရားမျက်နှာတော်ကို ငေးရင်းရင်ထဲမှာဆို့နင့်လာသည်။ ဘုရားကိုဦးချရန်အကြည်ဓာတ်ကိုမနည်းပြန်လည်စုစည်းလိုက်ရသည်။ကျမတို့လည်းဒီဘုရားကိုဖူးဖို့ ဒီယောက်ျားတွေလိုပဲ ကားတစ်တန် ပဲ့ချိတ်တစ်တန်နဲ့ လာခဲ့ရသည်ပဲ။ကပ်သီးကပ်ဖဲ့ပြောရမည်ဆိုလျှင်ဒီဘုရားကိုအနီးကပ်ဖူးခွင့်ရနေတဲ့ယောက်ျားတွေထဲမှာညကအင်းလေးရွာထဲကားဆိုက်တော့ တစ်ခွက်တစ်ဖလားမော့လာသူတွေပါကောင်းပါမည်။ အတူလာဘုရားဖူးတွေထဲက မိန်းမပျိုတွေကိုစိတ်နဲ့ အကြည့်နဲ့ပြစ်မှားနေသူတွေပါကောင်းပါမည်။ သူတို့ကျမြင့်မြတ်သူကြီးအနေဖြင့်သုံးလူ့ထွတ်ထားမြတ်ဘုရားအနား အနီးကပ်ကပ်ခွင့်ရပြီး ကျမတို့တွေကိုကျ ဟိုနားမဝင်ရ ဒီနားမဝင်ရ ဆိုင်းဘုတ်တစ်တန်ကြော်ငြာတစ်တန် ထုတ်ကန့်ကွက်ထားကြသည်။
ဘယ်လောက်ဆိုးဝါးလိုက်တဲ့အယူအဆပါလဲ။
————————————-
"ဘုရားကိုစော်ကားတာလား"
မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကာလက ယသော်ဓရာရဲ့ ခြေဖဝါးအစုံကိုကိုင်တွယ်ကန်တော့မူကိုကြည်ဖြူစွာခံယူခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ မိန်းမတွေဟာယုတ်ညံ့ပါတယ်လို့လည်း ဘယ်ကျမ်းမှာမှဟောမထားခဲ့။မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့"ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိ"ဆိုတဲ့ တရားတော်နဲ့လည်းဆန့်ကျင်နေပါတယ်။
ဒီတော့ကျမဝေဖန်ချင်တာ မြတ်စွာဘုရားကိုလား မြတ်ဗုဒ္ဓရဲ့လမ်းစဉ်တွေကို သွေဖယ်နေတဲ့ လိုရာဆွဲဝါဒသမားတွေကို ဝေဖန်နေတာလားရှင်းလောက်ပါပြီ။
"ဘုရားနားထဘီကြီးတစ်လွှားလွှားနဲ့ဖြစ်နေမှာပေါ့"
မျက်မှောက်ခေတ်မှာ သိပ်ထူးဆန်းတဲ့မျိုးစိတ်တစ်မျိုးအဖြစ် တွေ့ရတာကတော့ထဘီကြောက်ရောဂါသည်တွေပါပဲ။ထဘီဟာမထိကောင်းတဲ့အရာ ထဘီဟာယုတ်ညံ့စုတ်ပဲ့တဲ့အရာ။မေးပါရစေ။
ပုဆိုးဆိုတာ ယောက်ျားလိင်အင်္ဂါ အရှက်တရားကို ဖုံးကွယ်ပေးတဲ့အရာဖြစ်ပြီး ထဘီဆိုတာမိန်းမလိင်အင်္ဂါ အရှက်တရားကို ဖုံးကွယ်ပေးတဲ့အရာဖြစ်ပါတယ်။ အဲလိုစွမ်းရည်သတ္တိချင်းအတူတူ ထဘီကျမှ ဘယ့်နှယ့်ယုတ်ညံ့တဲ့အရာအဖြစ် ဘယ်လိုဘယ်ပုံဆက်စပ်တွေးယူလိုက်သလဲစဉ်းစားမရ။
ရယ်စရာကောင်းတာကယောက်ျားမိန်းမသံဝါသပြုရာကနေတစ်ဆင့်ဖြစ်ပေါ်လာတဲ့ သန္ဓေသားဟာယုတ်ညံ့ပါတယ်ဆိုတဲ့မိန်းမတွေရဲ့ထဘီအောက် ယောနိကနေထွက်သွားရတဲ့လူချည်းပဲ။ ထဘီဟာယုတ်ညံ့ပါတယ်ဆိုပြီးတွေးထားရင် သင်ဟာသင့်ဘဝအစကတည်းက ယုတ်ညံ့ခဲ့ပါတယ်ဆိုတာ မဖြစ်မနေလက်ခံရလိမ့်မယ်။
"မိန်းမရာသီသွေးလာချိန် မသင့်တော်ဘူးလေ"
ဟုတ်ကဲ့။ တစ်လတစ်ခါဖြစ်ပွားတဲ့သားဥကြွေချိန်မှာ သုတ်ပိုးနဲ့တွေ့ခဲ့ရင် သန္ဓေသားအဖြစ် သန္ဓေတည်ပြီး သုတ်ပိုးနဲ့မတွေ့ရင် ရာသီသွေးအဖြစ် အပြင်ကိုစွန့်ထုတ်ပါတယ်။ အရင်းတည်ရာသဘာဝချင်းအတူတူ သန္ဓေသားကိုကျ ရတနာလေးလို့တင်စားကြပြီး ရာသီသွေးကျမှ အကြီးအကျယ် ယုတ်ညံ့တယ်ထင်ပြကြတာ တစ်မျိုးကြီးပဲ။
အစာကိုအရင်းတည် အာဟာရနဲ့မစင်ခွဲထုတ်ပြီး မစင်ကိုရွံရှာစွန့်ပစ်လိုက်သလိုပါပဲ။ ရာသီသွေးဆိုတာလည်းမစင်လိုပါပဲ ခန္ဓာကိုယ်က မလိုအပ်လို့စွန့်ထုတ်လိုက်တဲ့ဇီဝအပိုပစ္စည်းပါပဲ။
ဘာသာရေးအဆောက်အဦးတွေမှာကျ မစင်တွေ အူထဲမှာရှိနေတယ်။ယုတ်ညံ့တယ်မလာကြနဲ့လို့ တပြေးညီမကန့်သတ်ဘဲ မိန်းမကျမှဇီဝစွန့်ထုတ်ပစ္စည်းကို အရေးတကြီးလုပ်ပြကန့်သတ်ခြင်းဟာ လက်ခံနိုင်စရာကိုမရှိပါဘူး။
အထက်ပါအကြောင်းအရာများကို ဒီအထိဖတ်သွားပြီးရင်သင့်အနေနဲ့ သဘောတူတာများရှိသလို သဘောမတူတာများလည်းရှိနိုင်ပါတယ်။ ဒီမိန်းမဘုရားပေါ်သိပ်တတ်ချင်နေလို့ ဒီစကားတွေပြောနေတာလားမေးချင်စရာတွေရှိလာပါမယ်။ဖြေပါ့မယ်။တစ်သီးတစ်သန့်ဘုရားပေါ်တတ်ပြီး နန့်ကြောဆွဲစရာအကြောင်းမရှိသလို ကဲ---ခွင့်ပြုတယ်---အခုတက်ဆိုရင်ရော ကျမတက်မှာမဟုတ်ပါဘူး။
ဒါဆိုဘာလို့အာရှည်နေလဲထပ်မေးစရာရှိလာပါလိမ့်မယ်။ ဟုတ်ကဲ့။ ထပ်ဖြေပါ့မယ်။ မိန်းမတွေရဲ့အသိတရား နှလုံးသားနဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ဘာသာရေးကိုင်းရှိုင်းမှုကိုစာတစ်တန်ပေတစ်တန်စည်းကမ်းချက်ထုတ်တားမြစ်ပြခြင်းဟာမိန်းမတွေရဲ့ဖြစ်တည်ကို ဖိနှိပ်စော်ကားရာကျတယ်လို့ခံစားရတဲ့အတွက် ကန့်ကွက်ပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံပါဆိုတဲ့ဂျပန်နိုင်ငံမှာရှိတဲ့ကမ္ဘာ့ထုထည်အကြီးဆုံးစာရင်းဝင်Kamakura ဘုရားကြီးမှာတောင်မှ "အမျိုးသမီးမဝင်ရ"ဆိုတဲ့ဆိုင်းဘုတ်ထောင်မထားဘူးဆိုတာသိစေချင်တယ်။စည်းကမ်းချက်တွေအထုတ်ဆုံးနဲ့မလိုက်နာဆုံးဟောဒီနိုင်ငံမှာအခုလို၂၁ရာစုအထိနှလုံးသားထဲကဘာသာရေးကိုစည်းကမ်းချက်တွေထုတ်မှတည်စေနိုင်မယ်ထင်တဲ့ သနားစရာလူတန်းစားပပျောက်သင့်ပြီဆိုတာလည်းသိစေချင်တယ်။
—————————————
"အမျိုးသမီးမဝင်ရ"
အဲဒီဆိုင်းဘုတ်နောက်ကိုခွေးလေးကြောင်လေးများ ကျော်ဝင်သွားကြသည်ကိုဂေါပကများကဘာမှမဖြစ်ဘဲ ကြည့်နေသောအခါ ဒီစာရေးခဲ့သည့်မိန်းမဘဝကိုဂုဏ်ယူသောမိန်းမတစ်ယောက်က တောက်တစ်ချက်ပြင်းပြင်းခေါက်မိတော့သည်။
ပန်ဆယ်လို
၂၀၁၆ ခုနှစ်တွင် ထုတ်၀ေခဲ့သော "အဇ္ဈတ္တကောက်ကြောင်း" စာအုပ်မှ