လောင်မြိုက်တတ်သော
(၁)
"ဟော့ဒီက ငါးသည်၊ ငါးခူပါတယ်။ ငါးကြင်းပါတယ်။
ငါးတန်ပါတယ်။ ပုဇွန်ပါတယ်"
အိမ်အပြင်က အော်သွားသည့် ငါးသည်အသံကြောင့် ကိုစောလွင် ခေါင်းထောင်သွားသည်။ ငါးခူလေးမစားရတာ ကြာပြီမဟုတ်လား။ လူက နေမကောင်းထားသည့်အရှိန်၊ ကျောင်းမှာပင်ပန်းသည့်အရှိန်ဖြင့် သိပ်မဟန်။ ရက်ပေါင်းများစွာ ပျက်နေသည့် ပါးစပ်က ငါးခူကို သွေးတောင်းသလို ပါးစပ်ထဲ တံတွေးများပင် ရွှဲလာသည်။ ငါးခူစင်းကောလေးကို ဆီပြန် ရှမ်းနံနံလေးနှင့် ချက်ကာ ပဲကြီးဟင်းရည်လေးဖြင့် ဆွဲလိုက်ရင် ဘယ်လောက်ထမင်းမိန်လိုက်မလဲ။ ကျောင်းဆရာကိုစောမောင် အိန္ဒြေမဆည်နိုင် အပြင်ထွက် ငါးသည်ကို လှမ်းခေါ်လိုက်သည်။
"ဗျို့. . ဒေါ်စိန်ဘု. . လာပါဦး"
ဒေါ်စိန်ဘုက ငါးဗန်းကိုချ ချိန်ခွင်ကိုကိုင်သည်။ ဒေါ်စိန်ဘုသား ဖိုးထွန်းက မအေဘေးမှာ နှပ်ချေးတရှုံ့ရှုံ့ဖြင့် သူ့ကျောင်းမှ ဆရာကို မော့ကြည့်နေသည်။
"ငါးခူ ဘယ်ဈေးလဲ"
"၅၀၀ဈေး"
ဈေးကြောင့် ကိုစောမောင် နည်းနည်းလန့်သွားသည်။ လခထုတ်ရက်ကလည်း လိုသေးသည်။ ဆေးဖိုးဝါးခကလည်း ကုန်ထားသေးတော့ သူ့ရဲ့ကျောင်းဆရာ လစာ မဖြစ်စလောက်လေးက အတော့်ကို ပါးနေပြီ။
"လျှော့ပါဦးလား ဒေါ်စိန်ဘုရဲ့"
"မလျှော့နိုင်ဘူး ဆရာရေ၊ ငါးခူဈေးကောင်းနေတာကြာပြီ။ ဆရာတို့က စားနိုင်တာလည်း မဟုတ်တော့ ဈေးဘယ်သိမှာလဲ"
"ဘာ. . .ခင်ဗျား ဘာပြောတာလဲ"
ရှက်စိတ်ဖြင့် အဖျားသွေးများ ပြန်တက်လာသည်မှတ်ရအောင် ထူပူသွားသည်။ ဒေါ်စိန်ဘုက ငါးဗန်းကို ပြန်ရွက် ဘောက်ဆတ် ဘောက်ဆတ်ဖြင့် လှည့်ထွက်သွားသည်။
"ဝယ်နိုင်တာလည်း မဟုတ်ဘဲ ယောကျ်ားတန်မဲ့ ဈေးဦးဈေးဖျားကို စစ်နေတယ်"
ဒေါ်စိန်ဘုသား ဖိုးထွန်းက ဆရာဖြစ်သူရဲ့ ဒေါသမျက်နှာကို အားတုံ့အားနာ လှည့်ကြည့်လှည့်ကြည့်။
ကျောင်းဆရာလေး ကိုစောမောင်ရဲ့ တောက်ခေါက်သံကြောင့် နံနက်ခင်းငှက်တို့ လန့်ပျံသွားတော့သည်။
"တောက်. . . "
-----------------------------
(၂)
ဆယ်တန်းအောင်ကတည်းက ဆရာအတတ်သင်ကျောင်းလေး မိသားစုက တားနေသည့်ကြားက ဝါသနာအရ အတိုက်အခံလုပ်ကာ ကျောင်းဆရာဖြစ်လာခဲ့ရသည်။ တာဝန်ကျရာ ရွာကလေးမှာ ဒေသခံ မိန်ကလေးတစ်ယောက်နှင့် အိမ်ထောင်ကျရင်း မိမိဝါသနာပါရာကိုသာ တစ်စိုက်မတ်မတ် လုပ်ဖြစ်နေတော့သည်။
မိန်းမက အရင်ကစက်ချုပ်သည်။ အခုတော့ မိန်းမကလည်း မပေါ့မပါးနဲ့မို့ ကျောင်းဆရာလခလေးကိုသာ မှီခိုနေရသည်။ လစာလေး နည်းနည်းပါးပါးတိုးပေမယ့် ကုန်ဈေးနှုန်းနှင့်က တိုးလည်း ဘာမှမထူး။ ကျူရှင်သင်ရအောင်လည်း ကိုယ့်နယ်က ကလေးတွေက မြို့မှာလိုမဟုတ်။ မိဘတွေကိုယ်တိုင်က ငါးရှာဖားရှာခိုင်း အိမ်စောင့်ခိုင်း ကလေးထိန်းခိုင်းနှင့်မို့ စာသင်ခန်းထဲရောက်အောင် ကလေးအပြင် မိဘကိုပါ မနည်းတောင်းတောင်းပန်ပန် စည်းရုံးရသည့်အနေအထား။ သေစာရှင်စာတတ်တော်ရောပေါ့ဆိုပြီး အတင်းကျောင်းနှုတ်ကြသည့်အထိကို ပညာရေးကို အလေးပေးကြသည်။
ကျောင်းဆရာ မဖြစ်ခင်ကတည်းက ကျောင်းဆရာ လခနည်းပါးသည်ကို သိပြီးသားဖြစ်သည်။ ချိုးခြံချွေတာစွာသုံးစွဲရင်း ကိုယ့်ဘဝကိုယ် နှစ်သိမ့်သည်။ ကလေးတွေကြား နေရတာ ကိုစောမောင် ပျော်သည်။ ကလေးတွေကို စာတတ်အောင် သင်ပေးနေရတာကိုပဲ ဘဝအနှစ်သာရလို့ ခံယူသည်။ အခုတော့ ဒီအလုပ်ကို လုပ်မိတာ နောင်တရသလို နာကျည်းသလို ခံစားမိသည်။ မိမိက စေတနာထား မေတ္တာထားပြီး ဒီလိုတောရွာလေးမှာ ဘဝကို နှစ်မြုပ်ပညာဖြန့်ဝေပေးနေသည်ကို ကျောင်းသားမိဘတစ်ယောက်က စော်ကားလိုက်လေခြင်း။
တွေးမိသည်နှင့် ဒေါသက တရှိန်ရှိန်ပြန်တက်လာသည်။
စာသင်နေရင်းနှင့်ပင် ဒေါ်စိန်ဘုမျက်နှာကို တရစ်ဝဲဝဲ မြင်ယောင်လာမိသည်။ ကြိမ်လုံးဖြင့် ကျောက်သင်ပုန်းကို တဗြန်းဗြန်းရိုက်ပစ်လိုက်သည်။
-------------------------------------
(၃)
"ဖိုးထွန်း"
ကိုစောမောင် အသံက ဟိန်းထွက်သွားသည်။ လေးတန်းကျောင်းသားကလေးငယ်တွေ မျက်နှာငယ်လေးနှင့် အသံတွေ တိတ်ကုန်သည်။ ကျောင်းမုန့်စားကျောင်းဆင်းချိန်တည်းက ပျောက်သွားသော ဖိုးထွန်း၊ ခိုးကြောင်ခိုးဝှက်ခြေလှမ်းလေးနှင့် အခန်းနောက်မှ ကုန်းကုန်းကွကွ ပြန်ဝင်လာသည်ကို ကိုစောမောင်က မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
"လာခဲ့စမ်း. . ရှေ့ကို"
ဖိုးထွန်းတစ်ယောက် မျက်နှာဇီးရွက်လောက်လေးနှင့် အတန်းရှေ့သို့ ထွက်လာသည်။
"မင်း ဘယ်ကပြန်လာတာလဲ။ အတန်းချိန်နှစ်ချိန်လုံး မင်းဘယ်သွားနေတာလဲ"
ဖိုးထွန်းက ဆရာဖြစ်သူလက်ထဲမှာ ကြိမ်လုံးကို တုံဏှိဘာဝေလိုက်ငေးနေသည်။ ပြန်မဖြေ။
"သူ ငါးမျှားပြီး ပြန်လာတာ ဆရာ"
အောင်မြတ်က တွန်းတွန်းတိုက်တိုက်လေသံဖြင့် ဝင်အဖြေပေးသည်။
"ဟုတ်လားဖိုးထွန်း. . .အောင်မြတ်ပြောတာဟုတ်လား"
ဖိုးထွန်းက ရွှံ့ပေနေသော သူ့ခြေထောက်ကို ဆရာမမြင်အောင်ဝှက်ရင်း ခေါင်းငြိမ့်သည်။
"ငါကတော့ ပညာတတ်အောင် စာတွေသင်လို့၊ ဖျားတာတောင် မနားဘဲ စာတွေသင်လို့။
မင်းက မင်းအမေရောင်းဖို့ ငါးသွားမျှားနေတယ်. . ဟုတ်လား"
ဖိုးထွန်းအမေ ဒေါ်စိန်ဘုမျက်နှာကို ပြန်မြင်ယောင်မိတော့ ကိုစောမောင်ရဲ့ ဒေါသရေချိန်က ပိုတက်လာသည်။
"မင်းမှာ အပြစ်ရှိလား ဖိုးထွန်း"
"ဟုတ်. . . ဟုတ်"
"ရှိရင် ဟိုဘက်လှည့်"
"ဖြန်း. . . ဖြန်း. . . ဖြန်း. . .ဖြန်း. . .ဖြန်း"
ဘယ်နှချက်ရိုက်မိလဲ ကိုစောမောင် မသိ။ လိုအပ်တာထက် ပိုမိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံလိုက်မိသည်။
ဖိုးထွန်းက ရွှံပေနေသော ခြေထောက်ပေါ်မှ အရှိုးရာလေးကို ပွတ်ရင်း. . . . .
----------------------------------
"မိန်းမရေ. . .ထမင်းခူးကွာ . . .ဗိုက်ဆာပြီ"
ဝါးကြမ်းကပ်ပေါ်က နှစ်ယောက်စာ ထမင်းစားပွဲဝိုင်းလေးမှာ ဝင်ထိုင်မိသည်။ ထမင်းက ပူပူ၊ ငါးပိရည်ဖျော်လေးနဲ့ တို့စရာအစုံလေးတစ်ပွဲ၊ ပဲဟင်းရည်ကြဲလေးနှင့်
မှန်းစမ်း. . . . ဒါဘာဟင်းပါလိမ့်။
ဟင်. . .ငါးခူ။ ငါးခူဆီပြန် ရှမ်းနံနံမွှေးမွှေးလေးက ဖယောင်းတိုင်မီးအောက်မှာ အတင့်သား။
"အောင်မာ. . .ငါ့မိန်းမကပ်စေးနည်းက ငါးခူတွေ ဘာတွေချက်လို့။ "
ကိုစောမောင်မိန်းမက ကိုစောမောင်ကို နားမလည်သလို ပြန်ကြည့်သည်။
"ဟင်. . .ရှင်ပဲ ပို့ခိုင်းလာတာ မဟုတ်လား"
မိန်းမဖြစ်သူရဲ့ စကားကြောင့် ကိုစောမောင် အံ့သြသွားသည်။
"ဘယ်လို. . . ငါက ဘာလို့ပို့ခိုင်းရမှာလဲ. . မပို့ခိုင်းပါဘူး"
"ရှင့်တပည့်ဖိုးထွန်း နေ့လည်က လာပို့သွားတာ၊ ဆရာပို့ခိုင်းလိုက်တာဆိုပြီး အူရားဖားယားနဲ့ ပြန်ပြေးသွားလို့ ဘာမှမေးချိန်မရလိုက်ဘူး"
မအေဖြစ်သူနောက်ကို လှည့်ကြည့်လှည့်ကြည့်ဖြင့်ပါသွားသော မျက်ဝန်းများ၊ ကြိမ်လုံးသံ တဖြန်းဖြန်း၊ ရွှံ့ပေနေသော ခြေသလုံးလေး . . . .
ကျောင်းဆရာ ကိုစောမောင်တစ်ယောက် ငါးခူပန်းကန်ကိုကြည့်ရင်း အားပါးတရ ငိုချလိုက်တော့သည်။
------------------------
စာကြွင်း. . ဆရာတစ်ဦး ပြောပြဖူးခဲ့သော အကြောင်းအရာအား မှီငြမ်းကိုးကားပါသည်။
ပန်ဆယ်လို
( ၂၀၁၆ ခုနှစ်တွင် ထုတ်၀ေခဲ့သော "အဇ္ဈတ္တကောက်ကြောင်း" စာအုပ်မှ )